Local News

မန္တလေးစစ်ဆေးရေးဂိတ်များ‌‌ စောင့်ရန် သံဃာများကို တာဝန်ပေးမည့်ကိစ္စ ပြန်လည်ရုတ်သိမ်း

မန္တလေးစစ်ဆေးရေးဂိတ်များ‌‌ စောင့်ရန် သံဃာများကို တာဝန်ပေးမည့်ကိစ္စ ပြန်လည်ရုတ်သိမ်း
မန္တလေးမြို့ရဟန်းတော်များက စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်စစ်ဆေးပေးရမည့် အစီအစဉ်ကို

စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း တိုင်းဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးကမိန့်ကြားသည်။

မန္တလေးမြို့ မြို့နယ် ၇ခုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် သံဃာတော်များကို ထားရှိရန် စစ်ကောင်စီနှင့် သံဃာ့မဟာနာယကအဖွဲ့က သဘောတူခဲ့ခြင်းဖြစ်သည်။

သံဃာတော်များကို စစ်ဆေးရေးဂိတ်တွင် တာဝန်ချရန် ဩဂုတ် ၁၂ရက်က ထုတ်ပြန်သည့်စာကို ယမန်နေ့ ဩဂုတ် ၁၅ရက် ရက်စွဲဖြင့် ပြန်လည်ရုပ်သိမ်းကြောင်း

ယနေ့ အသိပေးလာခြင်းဖြစ်သည်ဟု မန္တလေးသံဃာတော်အသိုက်အဝန်းထံမှ သိရသည်။

ဝေဖန်တာတွေ ရှိလာလို့ ဒီကိစ္စကို ပြန်ရုတ်သိမ်းတာလို့ သိရတယ် ဟု ဆရာတော်တစ်ပါးက မိန့်သည်။

စစ်ဆေးရေးဂိတ်များတွင် သံဃာများကိုပါ တာဝန်ပေးမည်ဟု ထုတ်ပြန်ပြီးနောက် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်လာ၍ ယခုကဲ့သို့ အမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်။

မြောက်ပြင်ကျောင်းတိုက်မှ ဆရာတော်တစ်ပါးကလည်း ဒါက သံဃာအချင်းချင်း ရန်တိုက်ပေးတာ သံဃာနဲ့ပြည်သူကို ရန်တိုက်ပေးတာလို့ ပြောရမှာပဲ ဟု ယမန်နေ့က ဝေဖန်ခဲ့သေးသည်။

မန္တလေးတွင် ကိုဗစ် ရောဂါအကြောင်းပြပြီး မြို့နယ်တစ်ခုနှင့် တစ်ခု အဝင်အထွက်ဂိတ်များကို စစ်ကောင်စီတပ်များ နှင့်

မြို့နယ်တာဝန်ရှိသူများက စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်နေသည်။

ယင်းအပြင် သံဃာတော်များကိုပါ စစ်ဆေးရေးဂိတ်များတွင် တာဝန်ယူရန် တိုင်းသံဃာ့နာယက ဆရာတော်များနှင့် စစ်ကောင်စီတို့ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော် သံဃာတော်များနှင့် သီလရှင်များ အပြင်ထွက်သည့်အခါ နယ်ကျော်ကတ် စစ်ဆေးမည့် အစီအစဉ်နှင့် ပတ်သက်၍

ဆက်လက်လုပ်ဆောင်မှု ရှိမရှိကို မသိရကြောင်း မန္တလေးရှိ သံဃာများက မိန့်သည်။

မန္တလေးမြို့တွင် သြဂုတ် ၁၆ ရက်က စတင်ကာ ၂၉ ရက် အထိ နေအိမ်ပြင်ပ စျေးဝယ်ထွက်ခွင့်ကို နံနက် ၄ နာရီ မှ ၉ နာရီအထိ နှင့် ညနေ ၃ နာရီခွဲမှ ၆နာရီခွဲအထိ ကန့်သတ်ထားသည်။

စျေးဝယ်ချိန်ပြင်ပဖြစ်သည့် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း ကျန်းမာရေး နာရေးကိစ္စမှအပ အပြင်ထွက်ခွင့် မပြုကြောင်းနှင့်

စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

မန္တလေးတွင် သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းအပါအဝင် နေ့စဥ်ရဟန်းတော်တစ်ရာခန့်က စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ချီတက်ဆန္ဒပြလျက်ရှိသည်။

Credit