Health

တအိမ်လုံး ကိုဗစ် ကူးခံရတဲ့ ရင်နင့်ဖွယ် မန်းလေးက မိသားတစု

ဖခင်ဖြစ်သူ ဆေးရုံမှာ ကွယ်လွန် သွားလို့ လှမ်းအကြောင်းကြားတဲ့ အချိန်မှာ

ဆေးရုံမှာပဲ လုပ်လိုက်ပါ ဒီမှာလည်း ကိုဗစ်တွေ ဖြစ်နေတာ့ ဆေးရုံကို လှူလိုက်ပေါ့ ကျန်တဲ့လူတွေလည်း မလာနိုင်ဘူးလေ

ကိုဗစ်တွေက ကူးကုန်မှာလို့ သားဖြစ်သူ ဖိုးဇော်က ပြောပါတယ်။အမေက ဆေးရုံမှာပဲ သူက အောက်စီဂျင် မရှူရင် အောက်စီဂျင် ကျတယ်။

ဇနီးကလည်း ဆေးရုံမှာ ကလေး ၂ ယောက်နဲ့ အိမ်အကူ ကိုတော့ တခြား တိုက်ခန်း တခု မှာ ပို့ထားပြီး ခွဲထားတယ်။ နဂို နေနေတဲ့ အိမ်ကိုတော့ လော့ဒေါင်းချထား ပါတယ်။

 

မန္တလေးက ဖိုးဇော်တို့ မိသားစု တအိမ်လုံး ကိုဗစ် ၁၉ ကူးစက်ခံရ တဲ့ အခြေအနေပါ။ ဖခင်ဖြစ်သူက ဆေးရုံမှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားပေမယ့်လည်း

တအိမ်လုံး ကိုဗစ် ကူးစက်ခံရပြီး ဖိုးဇော် အပါအဝင် ဇနီး နဲ့ မိခင် ဖြစ်သူတို့ က ဆေးရုံမှာ ကုသမှုခံယူ နေရတာကြောင့် ဖခင် အလောင်းကို ဆေးရုံကိုပဲ လွှဲပေး လိုက်ရတာ ဖြစ်ပါတယ်။

အိမ်မှာ ကင်ဆာ ရောဂါဖြစ်နေတဲ့ ဖခင်ဖြစ်သူကို ပြုစုပေး နေရင်း ဖိုးဇော် တယောက် ဖျားနာလာတာ ဖြစ်ပါတယ်။

ဖျားပြီးရင် ချွေးတွေ ထွက်ပြီး ပြန်ကောင်းသွားကာအစားအသောက်လည်း မပျက်ဘူး လို့ ဆိုပါတယ်။

ပထမ ရိုးရိုးဖျားတယ်ထင်တာ အဆုပ်ပွပြီး ဖျားတာ ဒီအတိုင်းပဲ သွားလာ လှုပ်ရှားနေတာ လို့ ဖိုးဇော်က ပြောပါ တယ်။

အဲဒီနောက် ဖခင်ဖြစ်သူကို ဆေးရုံတင်ဖို့ လိုလာတဲ့ အတွက် ဆေးရုံးတင် ပေးပြီး နောက်ပိုင်းမှာ ဖိုးဇော် တယောက် အရမ်းဖျားပြီး အိပ်ယာပေါ် လဲသွား ခဲ့တာပါ။

နောက်ပိုင်းမှာ အရမ်းကြီး မောလာပြီး မျက်နှာသစ်ဖို့တောင် မောလာတယ်လို့ ပြောပါတယ်။ အဲနောက်တော့ စစ်ရာမှာ ကိုဗစ် ၁၉ ဖြစ်နေတာကို တွေ့ရတာ ဖြစ်ပါ တယ်။

အပြင်သွားလာရင် mask တပ်တာ လက်ဆေးတာ အထူး သတိထား သွားလာ ပေမယ့် ဘယ်လို ကူးစက်ခံရတာကိုတော့ မသိကြောင်း ပြောပါတယ်။

အဲဒါနဲ့ ကိုယ့်ဘာသာ အားဆေးစား ခံနိုင်ရည်ရှိအောင် ကြိုးစားနေ ဒါပေမယ့် မရတော့ဘူး လို့ဆိုပါတယ်။

အိမ်သား အကုန်လုံးကို စစ်လိုက်တော့လည်း အကုန်လုံး ဖြစ်နေတာ တွေ့ရပြီး ကလေး ၂ ယောက်နဲ့ အိမ်အကူ ကတော့ ရောဂါ လက္ခဏာ မပြဘူးလို့ ဆိုပါတယ်။

အဲဒီလို ဖြစ်နေချိန်မှာ ဆေးရုံတက်နေတဲ့ ဖခင်ဖြစ်သူကို ဖုန်း နဲ့ပဲ ဆက်သွယ် ပြောကြားပြီး ဖျားနေတဲ့ အတွက် ဆေးရုံ မလာနိုင် ကြောင်း ပြောထားရပါတယ်။

အဲဒီနောက် အိမ်ရှိ လူအကုန်လုံး လူခွဲ နေလိုက်ပြီး အိမ်ကို လော့ဒေါင်းချ ကလေး ၂ ယောက်နဲ့ အိမ်အကူကို တိုက်ခန်း တခုမှာ Q ဝင်ခိုင်း လိုက်တာ ဖြစ်ပါတယ်။

ဖိုးဇော် ဇနီးဖြစ်သူနဲ့ မိခင် တို့ ၃ ဦးကတော့ ရောဂါ လက္ခဏာ ပြင်းထန်လာလို့ ဆေးရုံတက်ရောက် ခဲ့ရပါတော့တယ်။

ဖိုးဇော် နဲ့ မိခင်ဖြစ်သူက ဆေးရုံကြီးတက်ခဲ့ပြီး ဇနီးဖြစ်သူက ပုဂ္ဂလိက ဆေးရုံ တခုမှာ တက်ရောက်ကုသ ခဲ့ကြတာပါ။

ဆေးရုံတက်တော့ သေမလား ရှင်မလား တခုခုပဲ ဆိုပြီး စိတ်ပိုင်းဖြတ်ထားရ သွေးလည်း မစစ် ဓါတ်မှန်လည်းမရိုက် ဆရာဝန်က ၂ ဦးပဲ ရှိတယ်လို့ ဖိုးဇော်က ပြောပါတယ်။

အဲဒီမှာ ဆေးရုံးကြီး တက်ရတာ ဆေးရုံကြီးမှာ တချို့လူတွေက ကိုယ့်ထက်ပိုဆိုးတယ် လို့ ဆိုပါတယ်။

ကံကောင်းစွာပဲ ဖိုးဇော်ဟာ ဆေးရုံမှာ သိပ်မကြာခင် ပြန်လည် သက်သာ လာခဲ့ပါတယ်။

ဆေးရုံမှာက လူနာ အချင်းချင်းကူညီ ဆောင်ရွက်နေရကြောင်း ကိုယ်ကိုယ်တိုင်က ရောဂါ မဆိုးဝါးတဲ့ အတွက်

နာ့စ် သဘောမျိုး တခြား လူနာတွေကို လိုက်လံ ကူညီပေးရတယ်လို့ ပြောပါတယ်။

 

ပေါင်ချိန်တာ အောင်စီဂျင် လဲတာ အဖျားတိုင်းတာ စတာတွေကို ကူညီ ဆောင်ရွက် ပေးရကြောင်း ကိုဗစ်ကြောင့် သေဆုံးသွား သူ တွေကိုလည်း ကိုင်တွယ် ကူညီပေးရကြောင်း

နာ့စ်တွေ ဆရာဝန်တွေ ကလည်း အထဲကို တနေ့ တကြိမ်ပဲ ဝင်ပြီး နောက်ပိုင်း မဝင်ကြတော့ပဲ လူနာအချင်းချင်း ဝိုင်းလုပ်ကိုင်ပေးဖို့ အကူအညီ တောင်းတာကြောင့် လုပ်ပေးရ တယ်လို့ ဖိုးဇော်က ပြောပြပါတယ်။

နာ့စ်တွေကလည်း ကူးစက်မှု မရှိအောင် အတော် သတိထား လုပ်ကိုင် ဆောင်ရွက်နေတာ ကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ကင်ဆာကြောင့် ဆေးရုံတက်နေ ရတဲ့ ဖခင် ဖြစ်သူဟာ တပတ်အကြာမှာ ကင်ဆာကြောင့် ဆုံးပါးသွားချိန်မှာတော့ ဖိုးဇော်တို့ ၃ ဦးလည်း ဆေးရုံတက်နေ ကြရပြီ ဖြစ်ပါတယ်။

ဖခင်ဆုံးပါးသွားချိန်မှာ မိခင်ဖြစ်သူက ဖခင်ဆီ သွားချင်ကြောင်း ပြောပေမယ့် ဘယ်သူမှ မသွားဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဖိုးဇော်က ပြောပါတယ်။

လှမ်းအကြောင်းကြားတဲ့အချိန်မှာ ဆေးရုံမှာပဲ လုပ်လိုက်ပါ ဒီမှာလည်း ကိုဗစ်တွေ ဖြစ်နေတာ့ ဆေးရုံကို လှူလိုက်ပေါ့ ကျန်တဲ့လူတွေလည်း မလာနိုင်ဘူးလေ ကိုဗစ်တွေက ကူးကုန်မှာ လို့ပြောပါတယ်။

အလောင်းကို ဆေးရုံကိုပဲ အပ်လိုက်ပြီး ဆေးရုံက မီးသင်္ဂြိုဟ် ပေးတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာ ထုံးတမ်းစဥ်လာအရ ရေစက်ချ အမျှဝေ အလှူကိုတော့ မိသားစုတွေ အားလုံး ပြန်ဆုံနိုင်တော့မှာ ဖခင်အတွက် လုပ်ပေး မယ်လို့ ဖိုးဇော်က ပြောပါတယ်။

လက်ရှိ မန္တလေးမှာ ၁၀ ယောက်မှာ ၇ ယောက်လောက် ကိုဗစ် ဖြစ်နိုင်ကြောင်း သူ့အသိ တွေ အကုန်နီးပါး ကိုဗစ် ၁၉ ကူးစက် ခံထားရပြီလို့လည်း ဖိုးဇော်က ပြောပါတယ်။

ဖိုးဇော် အနေနဲ့ အခုအချိန်မှာ လူကောင်းတယောက်လို ပြန်လည် ကျန်းမာလာပေမယ့် ခေါင်းတွေ ခြောက်ပြီး ဘာလုပ်ရမှန်း မသိ လောလောဆယ် ဖြစ်နေရတယ်လို့ ဆိုပါတယ်။

 

ပိုးကတော့ ကင်းသလောက် ရှိပေမယ့် အားရှိအောင် နေနေရတယ် လို့ သူက ပြောပါတယ်။

ကိုယ်က သက်သာလို့ တခြား ကိုဗစ် ထိထားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အားပေးစကား ပြောပေးနေ ရတယ်လို့လည်း ပြောပါတယ်။

အခုအချိန်မှာ မိသားစုတွေ တွေ့ဖို့ ဆိုရှယ်မီဒီယာကနေ ဗီဒီယို call နဲ့ ခေါ်ပြီး ဆုံဖြစ်ကြတယ်လို့ပြောပါတယ်။

မိသားစုဝင်တွေ ကိုတော့ ခွဲနေရတာ ၂ ပတ်လောက်ရှိပေမယ့် စိတ်ဓါတ် မကျဖို့ ပြန်ကောင်း လာကြပြီ ဆိုတဲ့ အကြောင်း

အားပေး စကား ပြောကြားထား တယ်လို့ ဖိုးဇော်က ပြောကြားသွား ပါတယ်။

Credit